မုနိကဇာတ်

ဝီကီပီးဒီးယား မှ

ဧကကနိပါတ် - ၃။ ကုရုင်္ဂဝဂ် -၃၀- မုနိကဇာတ်။ ။ ကောင်းစွာကျွေးမွေးထားပြီး မင်္ဂလာဆောင်အတွက် သတ်စားခံရသော မုနိကဝက် အကြောင်း

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

အပျိုကြီးလှည့်ဖြား ရဟန်းတစ်ပါး[ပြင်ဆင်ရန်]

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အပျိုကြီးဖြားယောင်းသဖြင့် သာသနာတော်၌ မပျော်မွေ့ဘဲ ထွက်အံ့ဆဲဆဲဖြစ်သော ရဟန်းတစ်ပါးရှိသတတ်။ ထိုရဟန်းကို မြတ်စွာဘုရား သိတော်မူလျှင် ခေါ်၍ “ချစ်သား ရဟန်း ...ဤအပျိုကြီးကား ယခုမှသာ သင့်အကျိုးမဲ့ကို ပြုသည်မဟုတ်၊ ရှေး၌လည်း ဤအပျိုကြီးလက်ထပ်သောနေ့ဝယ် သင့်မှာ လူအများ စားသောက်ဖို့ လက်သုပ်ဟင်းလျာ ဖြစ်ဖူးပြီ” ဟုမိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[ပစ္စုပ္ပန်ဝတ္ထု အကျယ်သည် တေရသနိပါတ် စူဠနာရဒကဿပဇာတ်၌ ထင်ရှားလတ္တံ့။]

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

ဝက်နှင့်ညီနောင်နွားနှစ်ကောင်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ရွာငယ်တစ်ရွာ၌ သူကြွယ်တစ်ဦးအိမ်ဝယ် ကျွေးမွေးထားသည့် မဟာလောဟိတနှင့် စူဠလောဟိတဟု နွားညီနောင်နှစ်ကောင် တို့ရှိကုန်သတတ်။ ထို နွားနှစ်ကောင်တို့သည် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း စသော အမှုကိစ္စအရပ်ရပ်တို့ကို ဆောင်ရွက်ကုန်၏။

ထိုသူကြွယ့်အိမ်ဝယ်အရွယ်ရောက်သော သမီးငယ်တစ်ယောက်လည်းရှိ၏။ ထိုသူငယ်မကို မြို့နေအမျိုးသားတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ရန် ကြောင်းလမ်းစေ့စပ်ကြ၏။ သူငယ်မမိဘတို့သည် လက်ထပ်ထိန်းမြားသော အခါ လာရောက်ကြသည့် ဧည့်သည်တို့ကို လက်သုပ်ဟင်းလျာအဖြစ် ဧည့်ခံကျွေးမွေးရန် ရည်မှန်း၍ မုနိက မည်သော ဝက်တစ်ကောင်ကို ယာဂုထမင်းကျွေးမွေးလျက် မွေးမြူထားကြကုန်၏။

ဝက်စာတောင့်တနွားစူဠ[ပြင်ဆင်ရန်]

ထိုအခါ စူဠလောဟိတသည်အစ်ကိုထံသွားကာ “အစ်ကို ... ကျွန်ုပ်တို့ ညီနောင်မှာ အိမ်တွင် အမှုကိစ္စ ဟူသမျှကိုပင်ပင်ပန်းပန်း ဆောင်ရွက်ရပါလျက် ဘာမဟုတ်သည့် မြက်၊ သစ်ရွက်နှင့် ဖွဲတို့ကိုသာစားကြရသည်။ ဝက် သည် အလုပ်မရှိဘဲ ချ မ်းချမ်းသာသာထားလျက် မွန်မြတ်သည့် ယာဂုထမင်းကိုအဘယ်ကြောင့် စားရသနည်း” ဟု မေးလေ၏။ မဟာလောဟိတက စူဠလောဟိတအား “ညီထွေး စူဠလောဟိတ ...သင်သည် ဝက်၏ အစာကို မနှစ်သက်နှင့်။ မြက်၊ သစ်ရွက်နှင့် ဖွဲတို့ကို စားရခြင်းသည်အသက်ရှည်သည်။ ဤဝက်သည် သေရအံ့သော ထမင်းအစာကို စားရသည်၊ မကြာမီ ဝက်၏ အကြောင်းကိုသိရလတ္တံ့” ဟု ပြောဆိုဆုံးမလေ၏။

ကောင်းစွာစားရသတ်ခံရ[ပြင်ဆင်ရန်]

နှစ်ရက် သုံးရက် လွန်လျှင်သူငယ်မအတွက် ထိမ်းမြားလက်ထပ်ပွဲ ပြုလုပ်သဖြင့် ဝက်ကို ဖမ်းဆီးချုပ်နှောင်ကာသတ်ဖြတ်၍ အသားကို လက်သုပ်ဟင်းလျာ ပြုလုပ်ပြီးလျှင် ရောက်လာကြသော ဧည့်သည်တို့အားကျွေးမွေးဧည့်ခံလေ၏။

ထိုအခါ အဟာလောဟိတသည်စူဠလောဟိတကို ခေါ်၍ “ညီထွေး စူဠလောဟိတ ... သင်သည် မုနိက၏ အဖြစ်အပျက်ကို မြင်ပြီ မဟုတ်လောဧဟု မေး၏။ စူဠလောဟိတလည်း “အစ်ကို ... ကျွန်ုပ်သည် မုနိက စားရသော အစာ၏ အကျိုးကိုမြင်ရပါပြီ၊ ကျွန်ုပ်တို့ စားရသော မြက်၊ သစ်ရွက်နှင့် ဖွဲတို့မှာ မုနိက စားရသောယာဂုထမင်းထက် အဆပေါင်းများစွာ မွန်မြတ်လှပါသည်။ အပြစ်လည်း ကင်းသည်။အသက်ရှည်ကြောင်းလည်း ဖြစ်သည်” ဟု ပြောကြားလေ၏။

ဤဒေသနာတော်၏အဆုံး၌ အပျိုကြီး ဖြားယောင်းသည့်အတွက် သာသနာတော်မှ လူထွက်လုဆဲဆဲ ဖြစ်သော ရဟန်းသည်သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မုနိကဝက်သည် - ယခုအခါ သာသနာတော်၌ မပျော်မွေ့သော ရဟန်း။

သူငယ်မသည် - အပျိုကြီး

စူဠလောဟိတသည် - အာနန္ဒာ။

မဟာလောဟိတသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) အလုပ်မဲ့လျဉ်း၊ ဝက်ထမင်း၊ မယွင်းသေကြောင်းမှန်။

(၂) အလုပ်ရှိနွား၊ မြက်ဖွဲများ၊ မမှားပြစ်ကင်းပြန်။

မုနိကဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ