သုဟနုဇာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဒုကနိပါတ် - ၁။ ဒဠှဝဂ် -၁၅၈ - သုဟနုဇာတ်။ ။ စဉ်းလဲ ကြမ်းကြုတ်ပုံချင်းတူသော သုဟနုမြင်းနှင့် မဟာသောဏမြင်းတို့ အချင်းချင်း ချစ်ကြည်နိုင်ခြင်း အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]
ကြမ်းကြုတ်သူချင်း ရိုသေခြင်း[ပြင်ဆင်ရန်]
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ထိုဇေတဝကျောင်း၌ ရုန့်ရင်းကြမ်းကြုတ်၍ နိုင်ထက်ကလူ ပြုမူတတ်သော ရဟန်းတစ်ပါးရှိ၏။
တစ်နေ့သ၌ ဇနပုဒ်နေ ရဟန်းသည် တစ်စုံတစ်ခု ပြုဖွယ်ကိစ္စဖြင့် ဇေတဝန်ကျောင်းတော်သို့ လာလတ်သော် ရဟန်းသာမဏေတို့သည် ရုန့်ရင်းကြမ်းကြုတ်သည်ကို သိ၍ ရဟန်းနှစ်ပါးတို့ ခိုက်ရန်ဖြစ်ကြသည်ကို မြင်ကြရကုန်လတ္တံ့ဟု အုတ်အုတ်ကျက်ကျက်ဖြစ်သော ဇနပုဒ်နေ ရဟန်းကို တည်းခိုရန် ဇေတဝန်ကျောင်းနေ ရဟန်း၏ ပရိဝုဏ်သို့ ပို့ကြကုန်၏။
ထိုရဟန်းနှစ်ပါးတို့သည် သူတစ်ပါးအပေါ်၌သာ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း ရှိကုန်သော်လည်း အချင်းချင်း တွေ့မြင်ကြသောအခါ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း မရှိကြဘဲ ချစ်ခင်ကြကုန်၏။ ဝမ်းမြောက်ဝမ်းသာ ရှိကြကုန်၏။ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ်ကို ပြုကြကုန်၏။
ရဟန်းတို့သည် တရားသဘင်ဝယ် ထိုရဟန်းနှစ်ပါးတို့အကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ “ရဟန်းတို့ ... ဤရဟန်းနှစ်ပါးသည် ယခုအခါ၌သည်လျှင် သူတစ်ပါးတို့အပေါ်၌သာ ရုန့်ရင်းကြမ်းကြုတ်ခြင်း၊ နိုင်ထက်ကလူပြုမူခြင်း ရှိကြသော်လည်း အချင်းချင်း ညီညွတ်ကာ ချစ်ခင်ဝမ်းမြောက်ကြသည်မဟုတ်၊ ရှေးအခါ၌လည်း အချင်းချင်း ညီညွတ်ကာ ချစ်ခင် ဝမ်းမြောက်ကြဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု[ပြင်ဆင်ရန်]
မင်းကြီးသုံးစွဲ မြင်းစဉ်းလဲ[ပြင်ဆင်ရန်]
လွန်လေပြီးသောအခါ ဗာရာဏသိပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်းကြီး၏ အမှုကိစ္စအလုံးစုံကို ပြီးစေ၍ အကျိုးအကြောင်းကို ဆုံးမတတ်သော ပညာရှိအမတ် ဖြစ်လေ၏။ ဗြဟ္မဒတ်မင်းကြီးကား အနည်းငယ်မျှ ဥစ္စာကို မက်မောတတ်သော သဘောရှိ၏။ ထိုဗြဟ္မဒတ်မင်းကြီးအား မဟာသောဏ မည်သော စဉ်းလဲသော မြင်းတစ်ကောင်လည်း ရှိလေ၏။
မြင်းများအနာပြု အဖိုးဖြတ်မှု[ပြင်ဆင်ရန်]
ထိုအခါ ဥတ္တရပထ၌နေသော မြင်းကုန်သည်တို့သည် မြင်းငါးရာတို့ကို ဗာရာဏသီပြည်သို့ ယူဆောင်ခဲ့ပြီးလျှင် မင်းကြီးအား လျှောက်ထားကြကုန်၏။ ထိုမြင်းကုန်သည်တို့မလာမီ ရှေးအခါ၌ကား ပညာရှိအမတ်ကြီးသည် မြင်းတို့ကို အဖိုးဖြတ်၍ အရင်းဥစ္စာကို မလျော့စေဘဲ ပေးစေ၏။
မင်းကြီးသည် အဖိုးအရင်းကို မလျော့စေသည်ရှိသော် အမတ်ကို ခေါ်စေ၍ “အချင်းအမတ် ... သင်သည် မြင်းတို့ကို အဖိုးဖြတ်လော၊ အဖိုးမဖြတ်မီ မဟာသောဏ မည်သောမြင်းစဉ်းလဲကို ဥတ္တရာပထ မြင်းတို့ထဲသို့လွှတ်ကာ မြင်းတို့ကို ကိုက်စေပြီးလျှင် အနာတို့ကို ဖြစ်စေလျက် အားနည်းသောအခါသို့ရောက်မှ အဖိုးအရင်းကိုလျော့၍ ဖြတ်လော” ဟု အမိန့်ပေးလေ၏။ ထိုအမတ်လည်း မင်းကြီး အမိန့်ပေးတိုင်းပြုလေ၏။
မြင်းကုန်သည်မှာ မြင်းကြမ်းပါ[ပြင်ဆင်ရန်]
မြင်းကုန်သည်တို့သည် ဗြဟ္မဒတ်မင်းကြီး ပြုသော အမူအရာကို မနှစ်သက်သည် ဖြစ်၍ ပညာရှိအမတ်ကြီးအား ပြောကြားကုန်၏။ ပညာရှိအမတ်ကြီးသည် မြင်းကုန်သည်တို့အား “အမောင်တို့ ... သင်တို့မြို့၌ စဉ်းလဲသော မြင်းမရှိသလော၊ နောက်တစ်ခါလာလျှင် စဉ်းလဲသောမြင်းကိုယူခဲ့ကြ” ဟု နည်းပေးလိုက်၏။
မြင်းကုန်သည်တို့သည် ပညာရှိအမတ်ကြီး ပေးသောနည်းအတိုင်း သုဟနုမည်သော မြင်းစဉ်းလဲကို ယူဆောင်ကာ နောက်တစ်ခါ လာကြပြန်၏။ မင်းကြီးလည်း မြင်းကုန်သည်တို့ လာသည်ကြားလျှင် လေသာပြတင်းကိုဖွင့်၍ ကြည့်ရှုကာ မဟာသောဧ မည်သော မြင်းစဉ်းလဲလာသည်ကိုမြင်လျှင် သုဟနုမည်သော မြင်းစဉ်လဲကို လွှတ်ကြကုန်၏။
ချင်းချင်းတွေ့မှ ချစ်ခင်ကြ[ပြင်ဆင်ရန်]
မဟာသောဏ မြင်းစဉ်းလဲနှင့် သုဟန မြင်းစဉ်းလဲတို့သည် အချင်းချင်း တွေ့ကြလျှင် တစ်ကောင်နှင့်တစ်ကောင် ကိုယ်တို့ကို လျှာနှင့်လျက်ကြကုန်လျက် ရပ်ကုန်၏။ ထိုအခါ ဗြဟ္မဒတ်မင်းကြီးသည် ပညာရှိအမတ်ကြီးအား “ပညာရှိအမတ် ... နှစ်စီးကုန်သော ဤမြင်းစဉ်းလဲတို့ကို သင်မြင်၏လော၊ ဤမြင်းစဉ်းလဲတို့ကို သင်မြင်ူ၏လော၊ ဤမြင်းစဉ်းလဲ နှစ်စီးတို့သည် တစ်ပါးသော မြင်းတို့အပေါ်၌ ရုန့်ရင်းကြမ်းကြုတ်ကုန်၏။ နိုင်ထက်ကလူပြုမူကုန်၏။ ကိုက်၍ အနာဖြစ်စေကုန်၏။ ယခုအခါ အချင်းချင်း ကိုယ်ကိုလျက်ကုန်၍ ချစ်ခင်ဝမ်းမြောက်စွာ ရပ်ကြကုန်၏။ ညီညွတ်သင့်တင့်ကြကုန်၏။ ထိုသို့ဖြစ်ရခြင်းမှာ အဘယ်အကြောင်းကြောင့်နည်း” ဟု မေးတော်မူ၏။
ထိုအခါ ပညာရှိအမတ်ကြီးသည် မင်းကြီးအား -
“မြတ်သောမင်းကြီး ... သုဟနုမြင်းနှင့် မဟာသောဏမြင်းတို့ ချစ်ခင်ကြခြင်းမှာ စဉ်းလဲသော အလေ့အကျင့်အားဖြင့် တူမျှကြသောကြောင့် ဖြစ်၏။ ၎င်းမြင်းနှစ်စီးတို့သည် မြင်းတို့ကို ကိုက်လျက် ကျက်စားခြင်းအားဖြင့် လည်းကောင်း၊ မြင်းအုပ်ထဲသို့ ပြေးဝင်ခြင်းအားဖြင့် လည်းကောင်း၊ ရုန့်ရင်းကြမ်းကြုတ်ခြင်းအားဖြင့် လည်းကောင်း၊ ချည်ထားသော ကြိုးတို့ကို ကိုက်ဖြတ်ခြင်းအားဖြင့် လည်းကောင်း တူမျှကြ၏။ မသူတော်မှုအားဖြင့်လည်း တူမျှကြ၏” –
ဟု လျှောက်ထားလေ၏။ နောက်တစ်ဖန် မင်းကြီးအား “မြတ်သောမင်းကြီး ... မင်းမည်သည်ကား အလွန်တပ်မက်မောခြင်း မဖြစ်ရာ၊ သူတစ်ပါးဥစ္စာကို ဖျက်ဆီးခြင်းကိုလည်း မပြုရာ” ဟု ဆုံးမပြီးလျှင် မြင်းတို့ကို အဖိုးဖြတ်ကာ မှန်ကန်သော အဖိုးကို ပေးစေ၏။ မြင်းကုန်သည်တို့သည် ဟုတ်မှန်သော သဘောအတိုင်း အဖိုးကို ရကြသည်ဖြစ်၍ ရွှင်လန်းနှစ်သက်လျက် သွားကြကုန်၏။ မင်းကြီးလည်း ပညာရှိအမတ်ကြီး၏ အဆုံးအမ၌တည်၍ သေလွန်သောအခါ ကံအားလျော်စွာ လားရ၏။
ဇာတ်ပေါင်း[ပြင်ဆင်ရန်]
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ မြင်းကြမ်းနှစ်စီးသည် - ယခုအခါ ရဟန်းကြမ်း နှစ်ပါး။
မင်းကြီးသည် - အာနန္ဒာ။
ပညာရှိအမတ်ကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်[ပြင်ဆင်ရန်]
(၁) ရုန့်ရင်းလည်းဘက်၊ ကြမ်းကြုတ်လျက်၊ နိုင်ထက်မမူရာ။
(၂) ကောင်း,ဆိုး မဟူ၊ လေ့ကျင့်တူ၊ ကြည်ဖြူချစ်မြဲသာ။
(၃) မြင်းစဉ်းလဲနှစ်၊ တွေ့ဆုံလစ်၊ ချစ်ကြထုံးပမာ။
သုဟနုဇာတ် ပြီး၏။
ကိုးကား[ပြင်ဆင်ရန်]
- ↑ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ။