မာတိကာသို့ ခုန်သွားရန်

တီကောင်

ဝီကီပီးဒီးယား မှ
တီကောင်
An unidentified earthworm species with a well-developed clitellum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Annelida
မျိုးပေါင်း: Clitellata
မျိုးစဉ်: Opisthopora
မျိုးစဉ်သေး: Lumbricina

တီကောင် (Earthworm) သည် မျှော့နှင့် ကျွတ်တို့နှင့်အတူ တီမျိုး မျိုးပေါင်းစုထဲတွင်ပါဝင်လေသည်။ တီကောင်များသည် မြေဆီလွှာအထဲတွင် နေထိုင်ကြသည်။ တီကောင်သည် ဇီဝဓာတ်ကြွယ်ဝသော မြေကြီး၏ အပေါ်ယံလွှာတွင် နေထိုင်ကြ၍ ဆောင်းရာသီတွင် ဆီးနှင်းဒဏ်မှ လွတ်မြောက်ရန်နှင့် ပူသောရာသီတွင် ခြောက်သွေ့ခြင်းကို ရှောင်ရှားရန် မြေနက်ထဲသို့တိုးဝင်ကြသည်။ ၎င်းတို့နေထိုင်ရာ တီလမ်းကြောင်းအတွင်း ရေလွှမ်းသောအခါ မြေအပေါ်ယံသို့တက်လာကြသည်။ တီကောင်များသည် ၎င်းတို့သွားရာ လမ်းကြောင်းကို လျှင်မြန်စွာ တူးနိုင်ရန်အတွက် ၎င်းတို့၏ ခန္ဓာကိုယ်မှ အမွှေးအမျှင်များက များစွာ အထောက်အကူပြုပါသည်။ တီလမ်းကြောင်းတွင် တီကောင်တို့သည် အပင်အကြွင်းအကျန်များကို စား၍ မြေကြီး၏ အာဟာရဓာတ်ပါဝင်မှုကို တိုးပွားစေနိုင်ပါသည်။ တီကောင်များသည် လေဝင်ပေါက်ဖြစ်တဲ့ အပေါက်လေးများကို မြေဆီလွှာအထဲတွင် ပြုလုပ်‌နေထိုင်ကြသည်။ ၎င်းလေဝင်ပေါက်လေးများသည် အပင်တွေရဲ့ အမြစ်တွေကြီးထွားဖို့အတွက် တဖက်တလမ်းမှ အထောက်အကူဖြစ်စေသည်။ တီကောင်များသည် သေကြေပျက်စီးနေသော အင်းဆက်၊ နွားချေး၊ သစ်ရွက် စသည်တို့ကိုစားသုံးကြသည်။ တီကောင်မှစွန့်ပစ်သော မြေဆွေး၊ အညစ်အကြေးများသည် မြေဆီလွှာအတွက်လိုအပ်သော ဓာတ်များကိုပေးစွမ်းကြသည်။ ၎င်းတို့မှာ ခြေလက်၊ မျက်လုံး၊ အဆုပ်များ မပါရှိကြပေ။ ထို့အပြင် မြင်နိုင်စွမ်း နှင့် ကြားနိုင်စွမ်းလည်းမရှိကြ‌ပေ။ ၎င်းတို့သည် အသက်ရှင်နိုင်ဖို့အတွက် ခန္ဓာကိုယ် အရေပြားကို အသုံးပြုရသည်။ တီကောင်အမျိုးအစားပေါ် မူတည်ပြီး နှလုံးခန်း ၅ ခုအထိရှိတတ်ကြသည်။ ၎င်းတို့၏ သက်တမ်းနှင့် ရှင်သန်နိုင်စွမ်းမှာ အပေါ်ယံအလွှာတွင်နေသော တီကောင်များ၏ သက်တမ်းမှာ ၁ နှစ် မှ ၂ နှစ်ခွဲခန့်အထိ ရှင်သန်နိုင်ကြပြီး မြေကြီးအတွင်းထဲတွင်‌ နေသောတီကောင်များမှာ အန္တရာယ်ပြုခြင်းမခံရပါက အသက် ၁၅ နှစ်အထိ အသက်ရှင်နိုင်ကြသည်။

တီကောင်များ၏ ခန္ဓာကိုယ်တွင် ရေဓာတ် ၈၀-၉၀% နှင့်ပရိုတင်းဓာတ်၊ အဆီနှင့် သတ္တုဓာတ်များလည်း ပါဝင်သည်။ အဆစ်များဖြင့် ခန္ဓာကိုယ်ဖွဲ့စည်းထားသည့် သွေးအေးသတ္တဝါဖြစ်သည်။ အကျိအချွဲများပါရှိပြီး ၎င်းတို့သည် တီကောင်အတွက် အစိုဓာတ်ထိန်းသိမ်းခြင်း၊ အသက်ရှူမှုအတွက် အထောက်အကူ ပြုခြင်း၊ မြေကြီးအတွင်း ဝင်ရောက်စဉ် အကာအကွယ်ရရှိစေခြင်းစသည်တို့ကို ဆောင်ရွက်ပေး ပါသည်။ တီကောင်သည် မိမိ၏ ကိုယ်အလေးချိန်နှင့်ညီမျှသော အစာ (မြေကြီး နှင့် သြဂဲနစ် ပစ္စည်းများ) ကို နေ့စဉ်စားသုံးပါသည်။ စားသုံးသော အစားအစာများအား အင်ဇိုင်းများ အကူအညီဖြင့် အပင်အတွက် အလွန်အရေးကြီးသည့် အမိုင်နိုအက်စစ်၊ သကြားဓာတ်နှင့် အော်ဂဲနစ်ပစ္စည်းများထုတ်လုပ်ပေးပါသည်။ ထို့ပြင် တီကျစ်စာမြေဆွေးတွင်အင်ဇိုင်းများ၊ အကျိုးပြု အဏုဇီဝပိုးများလည်း ပါဝင်သောကြောင့် တီကျစ်စာမြေဆွေးသည် သာမန်မြေဆွေးထက် အာဟာရဓာတ် ပိုမိုပါဝင်ပြီး အာနိသင်များစွာ ပိုကောင်းမွန်ပါသည်။ ကမ္ဘာတစ်လွှားတွင်မှာ တီကောင်၏ အညစ်အကြေးများကိုရယူဖို့ မွေးမြူကြ‌လေ့ရှိသည်။ ထိုအညစ်အကြေးများကို စိုက်ပျိုးရေးအတွက် မြေသြဇာအဖြစ် အသုံးပြုကြပြီး စီးပွားအဖြစ်လည်း ရောင်းချလေ့ရှိကြသည်။

ကိုးကား[ပြင်ဆင်ရန်]