မင်းသုဝဏ်

ဝီကီပီးဒီးယား မှ
ဝဏ္ဏကျော်ထင်၊ သီရိပျံချီ

မင်းသုဝဏ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမောင်ဝန်
(1909-02-10)၁၀ ဖေဖော်ဝါရီ၊ ၁၉၀၉
ကွမ်းခြံကုန်းဟင်္သာတခရိုင်ဟံသာဝတီတိုင်းဗြိတိသျှဘားမား
ကွယ်လွန်၁၅ ဩဂုတ်၊ ၂၀၀၄(2004-08-15) (အသက် ၉၅)
ကမာရွတ်မြို့နယ်ရန်ကုန်မြို့မြန်မာနိုင်ငံ
ကြင်ဖော်(များ)ဒေါ်ကြည်ကြည်
သားသမီးဦးထင်ကျော်
မိဘဦးလွန်းပင်၊ ဒေါ်မိ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အောက်စဖို့တက္ကသိုလ်
လန်ဒန်တက္ကသိုလ်
အလုပ်အကိုင်စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာစာ ပါမောက္ခ
ကျော်ကြားမှုခေတ်စမ်းစာပေ
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့
သီရိပျံချီဘွဲ့
လက်မှတ်
မင်းသုဝဏ်

မင်းသုဝဏ် (၁၀ ဖေဖော်ဝါရီ၊ ၁၉၀၉ – ၁၅ ဩဂုတ်၊ ၂၀၀၄) သည် မြန်မာနိုင်ငံသား စာရေးဆရာ၊ ကဗျာဆရာတစ်ဦး ဖြစ်ပြီး ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ မြန်မာနိုင်ငံ၏ နဝမမြောက် သမ္မတ ဦးထင်ကျော်၏ ဖခင်လည်း ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မင်းသုဝဏ်ကို ဟံသာဝတီတိုင်း (ယခု ရန်ကုန်တိုင်း)၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့တွင် ကုန်သည်များဖြစ်ကြသော ဦးလွမ်းပင်နှင့် ဒေါ်မိတို့က ၁၉၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၇) ယောက်တွင် ဒုတိယမြောက်ဖြစ်ပြီး မွန်-မြန်မာမျိုးရိုးဖြစ်သည်။ အမည်ရင်းမှာ ဦးဝန်ဖြစ်ပြီး ရက်ချုပ်အရ ငယ်မည်မှာ မောင်လှမောင် ဖြစ်သည်။ အရပ်ထဲတွင် မောင်လှမောင်အမည်ရှိသူများမှာ အများအားဖြင့် ဆိုးကြ၍ မောင်လှဝံ ဟု အမည်ပြောင်းသည်။ မန္တလေးပုဏ္ဏား ဆရာညွန့်က ဇာတာဖွဲ့ပေးသည်။ ဘုန်းကြီးကျောင်းတွင် ဆရာတော်က စိန်ဝံ ဟူ၍ လည်းကောင်း အရပ်ထဲမှ ဦးရွှေဒုံးဆိုသူက ခွေးဝံ၊ ဝက်ဝံ ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ မြို့အနီးတွင် ရွှေဘိုမှ ပြောင်းလာသူများနေထိုင်သည့် ရွှေဘိုတန်းရှိသည်။ ငယ်စဉ်က အစားကောင်း၊ အသားညိုပြီး ရွှေဘိုတန်းက မဲ⁠မဲဝဝ၊ ထောင်⁠ထောင်မောင်းမောင်း ငပန်ဆိုသူနှင့်တူသဖြင့် အချို့က ငပန် ဟူ၍လည်း ခေါ်ကြသည်။ နောင်တွင် မောင်ဝံဟုသာတွင်၍ မိမိစိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး မောင်ဝန် ဟု ပြင်သည်။ [၁]

ပညာရေး[ပြင်ဆင်ရန်]

၁၉၁၆ ခုနှစ်ခန့် အသက် (၇) နှစ်ရွယ်၌ ကွမ်းခြံကုန်းမြို့ ကြားကျောင်းခေါ် ရွှေကျင်ကျောင်းတိုက် (ဆရာဦးဖိုးလှိုင်ကျောင်း)တွင် မြန်မာစာ‌ပေ စတင်သင်ယူသည်။ ကျောင်းအုပ်မှာ ဆရာတော်ဦးဣန္ဒဝံသဖြစ်၍ ဆဋ္ဌမတန်းထိနေခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ကွမ်းခြံကုန်းအမျိုးသားကျောင်းဖွင့်၍ ထိုကျောင်းသို့ ပြောင်းတက်ပြီး အင်္ဂလိပ်-မြန်မာ ဘာသာရပ်များကို သင်ယူခဲ့သည်။ ကဗျာရေးနည်းကို ထိုကျောင်းမှ ဆရာဦးအာကာသန်းထံမှသင်ယူခဲ့သည်။ ဆဌမတန်းထိနေခဲ့သည်။ ၁၉၂၃ ခုနှစ်၊ ဇူလိုင် (၃၀) ရက်တွင် ရန်ကုန်မြို့ ဆရာမှတ်ကြီးကျောင်း (ခေါ်) စိန်ဂျွန်းကျောင်းကိုဝင်၍ ပဉ္စမတန်းမှ စတက်ခဲ့သည်။

၁၉၂၆ခုနှစ်၊ မတ်လတွင် အင်္ဂလိပ်-မြန်မာ အလယ်တန်း စကောလားရှစ်စာမေးပွဲ (စတုတ္ထရ၍) အောင်မြင်ခဲ့သည်။ အဌမတန်းမှစ၍ ဆရာမှတ်ကြီးအိပ်ဆောင်တွင် ကျောင်းသားမှူးလုပ်ရသည်။ ဗုဒ္ဓဘာသာ မိန်းကလေးကျောင်း (ညကျောင်း) ၌ အပတ်စဉ် အလှည့်ကျစာသင်ပေးရသည်။ ဤနှစ်မှာပင် ဒဂုန်မဂ္ဂဇင်း၌ ပထမဆုံးကဗျာဖော်ပြခံရသည်။

၁၉၂၉ ခုနှစ်၊ မတ်လတွင် ၁၀ တန်းကို ပထဝီဝင်ဂုဏ်ထူးဖြင့်အောင်ခဲ့သည်။ ဇွန်လတွင် ယူနီဗာစတီကောလိပ်သို့ရောက်ပြီး ပဲခူးဆောင်တွင်နေသည်။ ၁၉၃၀ ခုနှစ်၌ ဥပစာတန်းတွင် အထူးကျောင်းသားအဖြစ် အရွေးခံရ၍ တစ်နှစ်အတွင်း မတ်လမှာကျင်းပသော ဥပစာအထက်တန်းစာမေးပွဲဖြေဆိုရာ အောင်မြင်ခဲ့သည်။ မိုးရာသီထုတ် ကောလိပ်မဂ္ဂဇင်း (အမှတ်-၁) တွင် ကဗျာများစတင် ထည့်သွင်းခြင်းခံရသည်။

၁၉၃၁ ခုနှစ်၊ မတ်လတွင် ပထမနှစ် (ဝိဇ္ဇာ) မြန်မာစာဂုဏ်ထူး အစမ်းစာမေးပွဲအောင်သည်။ ထိုနှစ်တွင် မိဘများစီးပွားပျက် ၍ ကျောင်းထွက်ပြီး ကွမ်းခြံကုန်းမြို့အမျိုးသားကျောင်းတွင် ကျောင်းအုပ်ဝင်လုပ်ခဲ့သည်။ ကလေးကဗျာများ စတင်ရေးသားခဲ့သည်။ တက္ကသိုလ်ဖွင့်သော် ပါမောက္ခ ဦးဖေမောင်တင် ခေါ်၍ အလုပ်မှထွက် တက္ကသိုလ်ပြန်တက်ခဲ့သည်။ ၁၉၃၃ ခုနှစ်၊ မတ်လတွင် ဝိဇ္ဇာဂုဏ်ထူးတန်းကို (မြန်မာစာ-ပထမအဆင့်ဖြင့်) အောင်မြင်ခဲ့ပြီး ဇွန်လမှ ၁၉၃၅ ခုနှစ်၊ မေ လအထိ မြန်မာစာဌာန၊ အချိန်ပိုင်းနည်းပြလုပ်ခဲ့သည်။ ပဲခူးဆောင်တွင် ကျောင်းဆောင်နည်းပြလုပ်ပြီး မဟာဝိဇ္ဇာတန်းကို အချိန်ပိုင်း တက်ရောက်သင်ယူခဲ့သည်။

၁၉၃၅ ခုနှစ်၊ မတ်လတွင် မဟာဝိဇ္ဇာ-မြန်မာစာဂုဏ်ထူး စာမေးပွဲကို (ဒုတိယအဆင့်)ဖြင့် အောင်မြင်ခဲ့ပြီး အချိန်ပြည့်နည်းပြ ခန့်အပ်ခြင်းခံခဲ့ရသည်။ ပင်းယဆောင်ပြောင်းရွေ့ပြီးနောက် ကျောင်းဆောင်နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ တက္ကသိုလ်ကျောင်းတိုက်၊ မြန်မာစာအသင်း အတွင်းရေးမှူး၊ တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း အတွင်းရေးမှူး၊ ကောလိပ်မဂ္ဂဇင်းမြန်မာပိုင်း အယ်ဒီတာ၊ ဂန္ထလောက မဂ္ဂဇင်း အယ်ဒီတာများ အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ပညာသင်ဆုရ၍ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့တက္ကသိုလ်သို့ သွားရောက်ပညာသင်ခဲ့သည်။ စိန့်ကက်သရင်း ကျောင်းတွင် သက္ကဋ၊ ပါဠိ၊ တိဗက်၊ အထွေထွေဘာသာဗေဒပညာရပ်များကို သင်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနှင့် အာဖရိကဘာသာရပ်များ လေ့လာရေးကျောင်း (School of Oriental and African studies) သို့ ပြောင်းရွေ့ပညာသင်ကြားခဲ့သည်။

၁၉၃၉ ခုနှစ်၊ အောက်တိုဘာလတွင် အောက်စဖို့တက္ကသိုလ်မှ ဘီလစ် (B.Litt) ခေါ် စာပေဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး စက်တင်ဘာလတွင် မြန်မာနိုင်ငံပြန်လည်ရောက်ရှိခဲ့သည်။ အောက်တိုဘာ (၁) ရက်နေ့တွင် လက်ထောက်ကထိကအဖြစ် လုပ်ကိုင်ခဲ့သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

၁၉၄၀ ခုနှစ်တွင် မောင်ခွေးဖို့ ကလေးကဗျာများထွက်ရှိခဲ့၍ ၁၉၄၁ ခုနှစ်တွင် သပြေညိုနှင့်အခြားကဗျာများ ထွက်ရှိခဲ့သည်။

၁၉၄၂ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ပညာရေးဌာန၊ ဘာသာပြန်ဌာနခွဲတွင် အမှုထမ်းခဲ့သည်။ ပညာ့တံခွန်အသင်းနှင့် အဘိဓာန်လုပ်ငန်းကို ဦးဆောင်ခဲ့သည်။ (ကွမ်းခြံကုန်းမြို့တွင် ဇန်နဝါရီ (၁၀) ရက်တွင်စတင်ပြုစုခဲ့သည်။)

၁၉၄၅ ခုနှစ်၊ ဧပြီ (၇) ရက်တွင် စစ်ဘေးအန္တရာယ်ကြောင့် အဘိဓာန်လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားရသည်။ ဗြိတိသျှများပြန်ရောက်လာပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရသည်။ ကွမ်းခြံကုန်းမြောက်ပိုင်းတွင် မြို့အုပ်လုပ်ခိုင်း၍ (၂) လမျှလုပ်ရသည်။ ဩဂုတ်လ (၆) ရက်နေ့တွင် ရန်ကုန် မဂိုလမ်း၌ အရေးပေါ်တက္ကသိုလ်သင်တန်းများဖွင့်၍ မြန်မာစာလက်ထောက်ကထိကအဖြစ် အလုပ်ဝင်ခဲ့သည်။

၁၉၄၆ ခုနှစ်၊ ဇွန် (၁) ရက်တွင် ကထိကအဖြစ် တိုးမြင့်ခန့်ထားခြင်းခံရသည်။

၁၉၄၇ ခုနှစ်၊ အိန္ဒိယနိုင်ငံဒေလီမြို့သစ်၌ကျင်းပသော အာရှတိုက် ဆက်ဆံရေးညီလာခံသို့၊ ဝတ်လုံတော်ရ ဦးကျော်မြင့်ခေါင်းဆောင်သောအဖွဲ့နှင့် တက်ရောက်ခဲ့သည်။ ထိုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းဖြစ်ပေါ်လာသောအခါ ဝေါဟာရ ကော်မတီတွင် ဝင်‌ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၄၈ ခုနှစ်၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ ဌာနမှူး တာဝန်ထမ်းဆောင်ခဲ့သည်။ အဘိဓာန်လုပ်ငန်းပြန်လုပ်များကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ အခြေခံ ဥပဒေမြန်မာစာမူကို အကြံဉာဏ်များပေးခဲ့သည်။ မြန်မာနိုင်ငံသုတေသနအသင်း အမှုဆောင်အဖွဲ့တွင်သို့ ဝင်ရောက်ခဲ့သည်။ သုတေသန အသင်းဂျာနယ်တွင် စာတည်းအဖြစ်ဆောင်ရွက်ခဲ့သည်။ ဇော်ဂျီနှင့်တွဲ၍ စာပေလောက စာအုပ် ထွက်ရှိခဲ့သည်။

၁၉၅၀ ခုနှစ်၊ ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်ခံခဲ့ရသည်။

၁၉၅၂ ခုနှစ်၊ အမေရိကန်ပြည်နယူးဟေဗင်မြို့၊ ယေးလ်တက္ကသိုလ်တွင် (၆) လခန့် ဘာသာဗေဒပညာရပ် ကို‌လေ့လာဆည်းပူးခဲ့သည်။

၁၉၅၃ ခုနှစ်၊ ဇွန် (၁) ရက်တွင် ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့်ထုတ်ဝေရေးဌာန စာတည်းမှူးတာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၅၅ ခုနှစ်၊ သိပ္ပံမောင်ဝ၊ ဇော်ဂျီတို့နှင့်တွဲ၍ သုံးပွင့်ဆိုင် ခေတ်စမ်းစာပေ ထွက်ရှိခဲ့သည်။

၁၉၅၇ ခုနှစ်၊ အောက်တိုဘာတွင် မြန်မာနိုင်ငံယဉ်ကျေးမှု ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုဗီယက် ရုရှားပိုလန်ချက်ကိုစလိုဗက်ကီးယားအရှေ့ဂျာမနီနိုင်ငံများသို့ လှည့်လည်ခဲ့သည်။ တိပိဋကပါဠိမြန်မာ အဘိဓာန်လုပ်ငန်း၊ မွန်မြန်မာအဘိဓာန်လုပ်ငန်းများတွင် ဝင်ရောက်ကူညီခဲ့သည်။ စာပေဗိမာန်စွယ်စုံကျမ်းအဖွဲ့၊ စာပေ ဆုပေးရေးအဖွဲ့၊ သုခမိန်အဖွဲ့၊ ပန်တျာမူမှန်ပြုလုပ်ရေးကော်မတီ၊ ပိဋကတ်တော် မြန်မာပြန်ကော်မတီ၊ ဥပဒေဘာသာပြန် ကော်မတီတို့တွင် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။

၁၉၆၁ ခုနှစ်၊ မတ်လ (၁) ရက်မှ ၁၉၆၂ ခုနှစ်၊ မေလ (၁၂) အထိ၊ တက္ကသိုလ် မြန်မာစာဌာနတွင် ပါမောက္ခအဖြစ်အမှုထမ်းခဲ့သည်။ အောက်တိုဘာတွင် မြန်မာ့ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည်။ တက္ကသိုလ်စာအုပ်ထုတ်ဝေဖြန့်ချိရေးကော်မတီဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ သမိုင်းကော်မရှင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၆၂ ခုနှစ်၊ မေလ (၁၃) ရက်တွင် ပါမောက္ခရာထူးစွန့်၊ ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာနတွင် ပြန်လည်အမှုထမ်းခဲ့သည်။ သီရိပျံချီဘွဲ့ချီးမြှင့်ခံရသည်။

၁၉၆၃ ခုနှစ်၊ မင်းယုဝေနှင့်တွဲ၍ ကဗျာ့ပရိယာယ် စာအုပ်ထွက်ရှိခဲ့သည်။

၁၉၆၄ - ၁၉၅၂ ခုနှစ်အထိ ပြုစုခဲ့သည့် မြန်မာအဘိဓာန် (၅) ပိုင်းထွက်ရှိခဲ့သည်။

၁၉၆၅ ခုနှစ်၊ ပန်းနှင့်ပင်စည်မြန်မာစာ မြန်မာမှု့ခရီး သည် (ဇော်ဂျီနှင့်တွဲလျက်) စာအုပ်များထွက်ရှိခဲ့သည်။

၁၉၆၆ ခုနှစ်၊ မြန်မာနိုင်ငံ စာမတတ်သူပပျောက်ရေးအတွက် သက်ကြီးစာသင်နည်း (၀၊ ထ၊ က၊ လ၊ သ နည်းလမ်း)ကို တီထွင်ခဲ့သည်။

၁၉၆၈ ခုနှစ်၊ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန၊ စာတည်းမှူးအဖြစ်မှ အငြိမ်းစားယူ၍ ပညာရေး ဌာန အထူးအရာရှိအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။ ပျဉ်းမငုတ်တို စာအုပ်ထွက်ရှိခဲ့သည်။

၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံသုတေသနအသင်း (နှစ် ၆၀ ပြည့် နှစ်) တွင် အသင်း၏ဥက္ကဋ္ဌအဖြစ်အရွေးခံရသည်။ ရေချမ်းစင် စာအုပ်ထွက်ရှိခဲ့သည်။

၁၉၇၁ ခုနှစ်၊ မေလ (၃၁) ရက်တွင် ပညာရေးအရာရှိအဖြစ်မှ အနားယူခဲ့သည်။

၁၉၇၄ ခုနှစ်၊ အင်းယားကန်သို့အိုကုတို့ ကဗျာစာအုပ် ထွက်ရှိခဲ့သည်။

၁၉၇၅ မှ ၁၉၇၉ အထိ ဂျပန်နိုင်ငံအိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်၌ ဧည့်သည်ပါမောက္ခအဖြစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၀ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဟိုက္ကူကဗျာ မြည်းစရာ စာအုပ် ထွက်ရှိခဲ့သည်။

၁၉၈၄ ခုနှစ်၊ လီယာမင်းကြီး စာအုပ်ထွက်ရှိခဲ့ပြီး (ယင်းနှစ်အတွက် ဘာသာပြန်ရသဆု) ရရှိခဲ့သည်။

၂၀⁠၀၂ ခုနှစ်၊ ကဗျာပေါင်းချုပ်မင်းသုဝဏ်ဝတ္ထုတိုများစာအုပ်များထွက်ရှိခဲ့သည်။ မင်းသုဝဏ်သည် မြန်မာနိုင်ငံ သုတေသနအသင်းအတွက် ဂါမဏိစန္ဒပျို့၊ တောင်ငူဆိုရတုအဖြေ၊ ဥမ္မာဒန္တီပျို့၊ သျှင်မဟာရဋ္ဌသာရ၏ ပကိဏ္ဏက စာစု(ဦးအုန်းရွှေနှင့်တွဲဖက်လျက်) တို့ကို တည်းဖြတ်ပေးခဲ့သည်။

ကလောင်ခွဲများ[ပြင်ဆင်ရန်]

  • (၁) မေဃဝန် (ကွမ်းခြံကုန်းမြို့)
  • (၂) စိန်ဂျွန်းပျော် (ကွမ်းခြံကုန်းမြို့)
  • (၃) ကွမ်းခြံကုန်း တောင်စုအစွန်က မောင်သုဝဏ်
  • (၄) ကွမ်းခြံကုန်း တောင်စုအလွန်က မောင်သုဝဏ်
  • (၅) ခင်သိင်္ဂီ (ဟံသာဝတီ)
  • (၆) စန်းသော်တာ
  • (၇) မောင်ဝန်
  • (၈) ကွမ်းခြံကုန်း၊ သုဝဏ် (၁၀) တန်း [၁]

နိုင်ငံရေးနှင့် ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ကမာရွတ်မြို့နယ်မှ အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။ အနိုင်ရမဲ အရေအတွက် ၂၃,၃၄၅ (၇၆%) ဖြစ်သည်။ အခြေခံဥပဒေ ဖျက်သိမ်း သောကြောင့် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် မရခဲ့‌ပေ။[၂]

စစ်အစိုးရ၏ ဖိအားပေးမှုများကြောင့် ရွေးကောက်ပွဲ အနိုင်ရပြီး (၈) နှစ်အကြာမှာ ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။ ၂၀⁠၀၄ ခုနှစ်၊ ဩဂုတ် (၁၅) ရက်၊ တနင်္ဂနွေနေ့နံနက် (၁၁:၃၀) နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ် သပြေညိုနေအိမ်၌ ကွယ်လွန်ခဲ့သည်။

ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. မြန်မာစာ၊ မြန်မာမှု
  2. ပန်းနှင့် ပင်စည်
  3. ပျဉ်းမငုတ်တို
  4. ရေချမ်းစင်
  5. သဘာဝပြက္ခဒိန်
  6. အာကာတခွင် မြေပြင်တစ်ဝှမ်း
  7. စာပေလောက + (ဇော်ဂျီ)
  8. ခရီးသည် + (ဇော်ဂျီ)
  9. လီယာမင်းကြီး (ဘာသာပြန်)
  10. ဟိုက္ကူကဗျာမြည်းစရာ
  11. ငါးရာ့ငါးဆယ်ဇာတ်ပင်လယ်
  12. ကဗျာရေးချင်စာစပ်သင်
  13. မိုးပေါ်မှာကြယ်တစ်လုံး
  14. မောင်ခွေးဖို့ကဗျာများ
  15. အင်းလျားကန်သို့ အိုကူးတို့
  16. ကဗျာပေါင်းချုပ်
  17. ဓမ္မပဒ
  18. နှလုံးလှပုံပြင်များ
  19. တက္ကသိုလ်မြန်မာအဘိဓာန် (၅) ပိုင်း
  20. မြန်မာသတ်ညွှန်းကျမ်း
  21. ဝတ္ထုတိုများ
  22. နှစ်လုံးပေါက် နက္ခတ်ကြည့်နည်း

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ စာဆိုမင်းသုဝဏ်၏ စာပေနှင့် ဘဝဖြစ်စဉ်မှတ်တမ်း။ 1 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ၊ ၂၀၁၄ တွင် ပြန်စစ်ပြီး။၈ ၂၀၁၄ တွင် ပြန်စစ်ပြီး။
  2. National League for DemocracyBrief Biographies of Elected MPs။ 7 April 2012 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]

www.minthuwun.com Archived 21 September 2014 at the Wayback Machine.